အင်တက်ဘီ စစ်ဆင်ရေး
From Wikipedia, the free encyclopedia
အင်တက်ဘီ စစ်ဆင်ရေး (အင်္ဂလိပ်: Operation Entebbe) ဆိုသည်မှာ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့များ (IDF) က ယူဂန်းဒါးနိုင်ငံ အင်တက်ဘီ လေဆိပ်တွင် ၁၉၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်က ဓားစာခံများကို ကယ်ထုတ်သည့် စစ်ဆင်ရေး တစ်ခုဖြစ်သည်။ [1] ထိုနေ့ မတိုင်မီ ရက်သတ္တပတ် တစ်ပတ် အလို ဇွန်လ ၂၇ ရက်တွင် ခရီးသည် ၂၄၈ ဦး ပါဝင်သော ပြင်သစ်လေကြောင်းလိုင်းမှ လေယာဉ်ကို ပါလက်စတိုင်း အကြမ်းဖက်သမားများနှင့် ၎င်းတို့ကို ထောက်ခံသူများက ယူဂန်းဒါးနိုင်ငံ၏ မြို့တော် ကမ်ပါလာ အနီးရှိ အင်တက်ဘီ လေဆိပ်သို့ ပြန်ပေးဆွဲ မောင်းနှင်သွားခဲ့သည်။ လေယာဉ် ဆင်းသက်ပြီးနောက်တွင် ဂျူးလူမျိုး မဟုတ်သော ခရီးသည်များကို လွှတ်ပေးခဲ့သည်။
အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့သည် အစ္စရေး လျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီ မော့ဆက်မှ ရရှိသော သတင်း အချက်အလက်များ အပေါ်တွင် မူတည်၍ လှုပ်ရှားခဲ့သည်။ ဂျာမန် အခြေစိုက် စစ်သွေးကြွ အဖွဲ့အစည်း တစ်ခု ဖြစ်သော ရီဗော်လူရှင်နရီ ဆဲလ်(Revolutionary Cells) မှ အဖွဲ့သားများ နှင့် ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားမှု တပ်ဦးမှ အဖွဲ့သားများက လေယာဉ်ပျံကို ပြန်ပေးဆွဲသွားပြီးသည့်နောက် ပြန်ပေးသမားများက သူတို့တောင်းဆိုသည့် အတိုင်း အကျဉ်းသားများကို လွှတ်မပေးပါက ဓားစာခံများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့် အခါတွင် အစ္စရေးတို့က စစ်ဆင်ရေး အတွက် စတင်ပြင်ဆင်ခဲ့ကြသည်။ [2] ထိုအစီအစဉ်များတွင် ယူဂန်ဒါ စစ်တပ်၏ တပ်ဖွဲ့များက ခုခံပါက မည်သို့တုံ့ပြန်မည် ဟူသည့် အစီအစဉ်များလည်း ပါဝင်သည်။[3]
စစ်ဆင်ရေးကို ညဘက်တွင် ဆောင်ရွက်ခဲ့သည်။ အစ္စရေး သယ်ယူပို့ဆောင်ရေး လေယာဉ်မှ အထူး ကွန်မန်ဒို ၁၀၀ ကို မိုင်ပေါင်း ၂,၅၀၀ ကျော် ( ကီလိုမီတာ ၄,၀၀၀) ကျော် ကွာဝေးသော ယူဂန်ဒါနိုင်ငံသို့ ပျံသန်းပို့ဆောင်ပေးခဲ့သည်။ တစ်ပတ်ကြာမျှ ပြင်ဆင်ထားခဲ့သော စစ်ဆင်ရေးမှာ မိနစ် ၉၀ မျှ ကြာပြီး ဓားစာခံ ၁၀၃ ယောက်ကို ကယ်ဆယ်နိုင် ခဲ့သည်။ အစ္စရေး ကွန်မန်ဒို ၅ ယောက်မှာ ဒဏ်ရာရခဲ့ပြီး အမိန့်ပေးကွပ်ကဲသူ လက်ဖတင်နင်ကာနယ် ဂျိုနသန် နာတာညာဟူးမှာ သေဆုံးခဲ့သည်။ ပြန်ပေးသမား အားလုံး၊ ဓားစာခံ ၃ယောက်နှင့် ယူဂန်ဒါ စစ်သား ၄၅ ယောက် သေဆုံးခဲ့ပြီး ယူဂန်ဒါ လေတပ်ပိုင် ဆိုဗီယက်မှ ထုတ်လုပ်သည့် အမ်အိုင်ဂျီ-၁၇ လေယာဉ် ၁၁ စင်းကို ဖျက်စီးပစ်နိုင်ခဲ့သည်။ [4]နောက်ထပ် သေဆုံးရသည့် စတုတ္ထမြောက် ဓားစာခံကိုမူ ယူဂန်ဒါ စစ်တပ် အရာရှိများက အနီးအနားရှိ ဆေးရုံတွင် သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ [5][6]
ဓားစာခံများကို ကယ်တင်သည့် စစ်ဆင်ရေး အမည်ဖြစ်သော "မိုးကြိုးသွား စစ်ဆင်ရေး" (Operation Thunderbolt) ကို တခါတရံတွင် အဖွဲ့ခေါင်းဆောင် နာတာညာဟူး အား အမှတ်ရသည့် အနေနှင့် "ဂျိုနသန် စစ်ဆင်ရေး"ဟု ရည်ညွှန်းခေါ်ဆိုလေ့ ရှိကြသည်။ သူသည် ၁၉၉၆ မှ ၁၉၉၉ အထိ အစ္စရေး ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ယခု အထိ ဝန်ကြီးချုပ် တာဝန်ယူထားသော ဘင်ဂျမင် နာတာညာဟူး ၏ အကိုကြီး ဖြစ်သည်။ [7] ထိုစစ်ဆင်ရေးကြောင့် အမေရိကန် စစ်တပ်ကလည်း အင်တက်ဘီ ကယ်ဆယ်ရေး အဖွဲ့၏ ပုံသဏ္ဌာန်ကို အခြေခံ၍ အထူး လေ့ကျင့်ထားသော ကယ်ဆယ်ရေး အဖွဲ့ တစ်ခုကို ဖွဲ့စည်းထားခဲ့သည်။ ထိုစစ်ဆင်ရေး ပုံစံကို အတုယူ ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးတစ်ခုမှာ အီရန် ဓားစာခံ ဖမ်းဆီးခြင်း အဖြစ်အပျက်တွင် တီဟီရန်မြို့ တွင် ဓားစာခံအဖြစ် ဖမ်းဆီးထားသော သံရုံးဝန်ထမ်း ၅၃ ယောက်ကို ကယ်တင်ရန် ကြိုးစားပြီး မအောင်မြင်ခဲ့သည့် "လင်းယုန်လက်သည်း စစ်ဆင်ရေး" ဖြစ်သည်။ [8][9]