မြန်မာအက္ခရာ
မြန်မာစာရေးသားရာတွင် အသုံးပြုသော အက္ခရာ / From Wikipedia, the free encyclopedia
မြန်မာအက္ခရာ သည် ဗြာဟ္မီအုပ်စု (Brahmi) တွင် ပါဝင်ပြီး မြန်မာဘာသာ၊ မွန်ဘာသာ၊ ရှမ်းဘာသာ၊ ပအိုဝ်းဘာသာ၊ စကောနှင့် ပိုးကရင်ဘာသာများ ရေးသားရာတွင် အသုံးပြုသည်။ မူလပထမ ရှေးမြန်မာအက္ခရာသည် ထောင့်ချွန်းနှင့် လေးထောင့် အက္ခရာတို့သာ ဖြစ်ကြသည်။ သရေခေတ္တရာပြည်နှင့် ရွှေဘိုနယ် ဟန်လင်းကြီးမြို့များ ကောင်းစားစဉ် အခါကာလတို့က ရေးသားသုံးစွဲကြသော အက္ခရာတို့မှာ ထောင့်ချွန်းပုံ အက္ခရာမျိုးများ ဖြစ်ကြ၍ ပုဂံခေတ်မှ အင်းဝခေတ်အထိတွင် ရေးသားကြသော အက္ခရာများမှာမူကား လေးထောင့်ပုံသဏ္ဌာန်များသာ ဖြစ်ကြလေသည်။ ကုန်းဘောင်ခေတ်သို့ ရောက်ရှိမှသာလျှင် အက္ခရာဝိုင်းဝန်းလာလေသည်။ အမရပူရ ပထမမြို့တည်နန်းတည် ဖြစ်တော်မူသော ဘိုးတော်မင်းတရားကြီး (၁၁၄၃-၁၁၈၁)၏ အမိန့်တော်ပြန်တမ်းတွင် "ငါ၏ ပိဋကတ်တော်များကို အက္ခရာစောက်ဖြင့် မသုံးရ။ အက္ခရာဝန်းဖြင့်သာ သုံးရမည်" ဟု ပါရှိသည်မှာ အက္ခရာဝန်းဝိုင်း လာခြင်း၏ ခိုင်မာသော အထောက်အထားပင် ဖြစ်သည်။
မြန်မာအက္ခရာကို ရေးသားရာတွင် ဘယ်မှ ညာသို့ ရေးသားသည်။