ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မြို့ကြီးများ
နေထိုင်မှု အခြေအနေအား အခြေခံ၍ နှစ်စဉ်တိုင်းတာထုတ်ပြန်သော စာရင်း / From Wikipedia, the free encyclopedia
ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မြို့ကြီးများဆိုသည်မှာ တရားဝင်ပေးထားသော အမည် မဟုတ်ဘဲ နှစ်စဉ် ကောက်ခံရရှိသော လူနေမှု အဆင့်အတန်းပေါ်မူတည်သည့် အများ အသိအမှတ်ပြု စစ်တမ်းများ အရ အဆင့်သတ်မှတ်ထားသော မြို့ကြီးများ စာရင်းကို ခေါ်ဆိုသည်။ ဥပမာ နှစ်ခု ပြရလျှင် မာဆာ၏ နေထိုင်မှု အရည်အသွေးပေါ်မူတည်သည့် စစ်တမ်း (Mercer Quality of Living Survey) နှင့် အီခေါနမစ် (The Economist) မဂ္ဂဇင်း၏ ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံး မြို့ကြီးများ စာရင်း (မာဆာမှ အချက်အလက်များကို အသုံးပြုထားသည်) တို့ ဖြစ်သည်။
နေထိုင်ရန် အကောင်းဆုံး အဆင့်မှာ အလုပ်ရှင်များအား ဝန်ထမ်းများကို အခြားမြို့များသို့ ပြောင်းရွှေ့ရာတွင် အခက်အခဲ ကရုဏာကြေး ပေးအပ်ရန် အတွက် ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ အခြားရည်ရွယ်ချက်များ အတွက် အသုံးချရန် အတွက် နေထိုင်ရန် အကောင်းဆုံး အဆင့်ကို ချဲ့ထွင်ရန်အတွက် ငြင်းခုံမှု အမြောက်အမြား ရှိသည်။ သို့သော်လည်း နှစ်စဉ် မြို့ကြီးများ အဆင့်သတ်မှတ်ခြင်းသည် စာနယ်ဇင်းများ၏ အထူး အလေးပေး ရေးသားခြင်းကို ခံရပြီး ဆွေးနွေးရန်အတွက် ပေါ်ပြူလာဖြစ်သော တော့ပစ်တစ်ခုလည်း ဖြစ်သည်။ အိမ်ဖြူတော်၏ အာရုံစူးစိုက်ခြင်းကိုပင် ခံရလေ့ ရှိသည်။