ကျွန်တော် အိပ်မက်မက်တယ်
မာတင်လူသာကင်း အငယ် ၏ ၁၉၆၃ ခုနှစ်တွင် ပေးခဲ့သော မိန့်ခွန်း / From Wikipedia, the free encyclopedia
"ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်"[မှတ်စု 1] (အင်္ဂလိပ်: "I Have a Dream") သည် အမေရိကန်နိုင်ငံသားအခွင့်အရေး တက်ကြွလှုပ်ရှားသူ မာတင်လူသာကင်း ဂျူနီယာက ၁၉၆၃ ဩဂုတ် ၂၈ ၌ "အလုပ်အကိုင်နှင့် လွတ်လပ်ခွင့်အတွက် လူထုချီတက်ပွဲတွင် ပြောကြားခဲ့သော လူထုမိန့်ခွန်းတစ်ခုဖြစ်သည်။ အဆိုပါရက်၌ ကင်းက အမေရိကန်ပြည်ထောင်စုတွင် လူမျိုးရေးခွဲခြားမှုအဆုံးသတ်ရေး၊ နိုင်ငံသားနှင့် စီးပွားရေးဆိုင်ရာအခွင့်အရေးများကို တောင်းဆိုခဲ့လေသည်။ ဝါရှင်တန်ဒီစီမြို့၊ လင်ကွန်းအမှတ်တရ အဆောက်အအုံ၏ လှေကားထစ်များမှနေ၍ နိုင်ငံသားအခွင့်အရေးဆိုင်ရာ ထောက်ခံသူ လူပေါင်း နှစ်သိန်းခွဲကို မိန့်ကြားပြီး ထိုမိန့်ခွန်းစကားသည် နိုင်ငံသားအခွင့်ရေးလှုပ်ရှားမှု၏ အလွန်ထင်ရှားပေါ်လွင်သောဖြစ်ရပ်(အဆင့်) တစ်ခုလည်းဖြစ်ကာ အမေရိကန်ပြည်ထောင်စုသမိုင်းတွင် အရေးပါအရာရောက်ဆုံးသော မိန့်ခွန်းများထဲ၌လည်း ပါဝင်လေ၏ ။[2][3]
External audio | |
---|---|
I Have a Dream, August 28, 1963, Educational Radio Network[1] |
၁၈၆၃ တွင် ကျေးကျွန်သန်းပေါင်းများစွာကို လွတ်လပ်မှုပေးသော လွတ်လပ်မှုကြေညာချက်[မှတ်စု 2] မှ စာသားများကို စတင်ကိုးကားပြောဆိုခဲ့ကာ[4] ထို့နောက် ကင်းက "နှစ်တစ်ရာကြပြီးတဲ့နောက် နီဂရိုးများ အခုထိ မလွတ်လပ်သေးပါ" ဟူ၍ ပြောဆိုခဲ့သည်။[5] မိန့်ခွန်း၏ အဆုံးသတ်တွင် ကင်းက တစ်စိတ်တစ်ပိုင်းအနေဖြင့် ကြုံသလိုပြင်ဆင်လာခဲ့သော နိဂုံးပိုင်းကို "ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်" ဟူ၍ စတင်ပြောဆိုခဲ့သည်။ အဆိုပါစကားကို ပြောစေရန် စေ့ဆော်သူမှာ မဟာလီယာ ဂျက်ဆန် ဖြစ်၍ ဂျက်ဆန်က "မာတင် ... သူတို့ကို အိပ်မက်အကြောင်း ပြောပြလိုက်စမ်းပါ" ဟူ၍ဆိုသည်မှ စတင်ခဲ့သည်။[6] မိန့်ခွန်း၏ ဤနိဂုံးအပိုင်းသည် နားထောင်သူပရိသတ်များကို စိတ်လှုပ်ရှားမှု အမြင့်မားဆုံးဖြစ်ပေါ်စေခဲ့ပြီး ယခုအခါ၌ အထင်ရှားဆုံးသော မိန့်ခွန်းတစ်ရပ်ဖြစ်လာခဲ့သည်။ ထိုအပိုင်း၌ ကင်းက ကျေးကျွန်စနစ်၊ အမုန်းတရားတို့ရှိနေသော နယ်မြေ(တိုင်းပြည်)မှ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းတို့ ဖြစ်ထွန်းပေါ်ပေါက်လာသည့် ၎င်း၏စိတ်ကူးအိပ်မက်များကို ဖော်ပြခဲ့သည်။[7] ဂျွန် အဲလစ် မီးချန်က "အဲဒီစကားစုတစ်ခုတည်းနဲ့ကို မာတင်လူသာကင်းက တောမတ်စ် ဂျက်ဖာဆန်၊ အေဘရာဟမ် လင်ကွန်း တို့လို ခေတ်သစ်အမေရိကကို ပုံသွင်းတည်ဆောက်ခဲ့သူများနဲ့ အဆင့်တန်းတူ ဖြစ်လာခဲ့ပါတယ်။"[8] ပညာတတ်များ၏ ၂၀-ရာစု လူထုမိန်ခွန်းများနှင့်ပတ်သက်၍ ၁၉၉၉ ခုနှစ် မဲရွေးချယ်မှုတစ်ခု၌ ထိပ်ဆုံးစာရင်းဝင်ဖြစ်လာခဲ့ကာ[9] "အင်္ဂလိပ်ဘာသာစကားသမိုင်းတွင် အကြီးကျယ်ဆုံးသော ခိုင်မာပြင်းထန်သည့် ပြောဆိုချက်မိန့်ခွန်း" အဖြစ်လည်း ဖော်ပြခြင်းခံရသည်။[10]