စက်တင်ဘာ ၁၁ တိုက်ခိုက်မှု
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် အမေရိကန်နိုင်ငံအား တိုက်ခိုက်မှု / From Wikipedia, the free encyclopedia
စက်တင်ဘာ ၁၁ တိုက်ခိုက်မှု (The September 11 attacks၊ September 11၊ September 11th ၊ 9/11) ဆိုသည်မှာ အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့အစည်းမှ အမေရိကန်ပြည်ထောင်စု အား ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့တွင် တိုက်ခိုက်ခဲ့သော အသေခံတိုက်ခိုက်မှုများ ဖြစ်သည်။ ထိုမနက်တွင် အယ်လ်ကေးဒါး အကြမ်းဖက်သမား ၁၉ ယောက်သည် ခရီးသည်တင် လေယာဉ် ၄ စင်းအား ပြန်ပေးဆွဲခဲ့သည်။ [1][2] ထို့နောက် အကြမ်းဖက်သမားတို့သည် လေယာဉ် ၂စင်းအား ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ သို့ ဝါးလ်ထရိတ်စင်တာ တာဝါ ၂ခုသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ဝင်တိုက်ခဲ့သဖြင့် လေယာဉ်ပေါ်တွင် ပါလာသော ခရီးသည်အားလုံး သေဆုံးရုံသာမက အဆောက်အဦးအတွင်း အလုပ်လုပ်နေသူများပါ သေဆုံးခဲ့သည်။ တာဝါနှစ်ခုစလုံးသည် နှစ်နာရီ အတွင်းပြိုကျခဲ့ပြီး အနီးအနားရှိ အဆောက်အဦးများကို ဖျက်စီးပစ်ခဲ့ပြီး အခြား အဆောက်အဦးများကိုလည်း ပျက်စီးစေခဲ့သည်။ ပြန်ပေးဆွဲသူတို့သည် တတိယ လေယာဉ်ကို ဝါရှင်တန်ဒီစီ အပြင်ဘက် ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်ရှိ ပင်တဂွန် စစ်ဌာနချုပ်တွင်းသို့ ထိုးဆင်းခဲ့သည်။ စတုတ္ထမြောက် လေယာဉ်မှာ ပင်ဆယ်ဗေးနီးယားပြည်နယ် ကျေးလက်ဒေသဖြစ်သော ရှန့်ခ်ဗေးလ် တွင် ပျက်ကျခဲ့သည်။ ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများက လေယာဉ်ကို ပြန်လည် ထိန်းသိမ်းရန် ကြိုးစားပြီးနောက် ဖြစ်သည်။ အကြမ်းဖက်သမားများသည် ထိုလေယာဉ်အား ဝါရှင်တန် ဒီစီရှိ ကက်ပီတိုလ် အဆောက်အအုံ (ကွန်ဂရက် လွှတ်တော် အဆောက်အဦး) (သို့) အိမ်ဖြူတော်သို့ ဦးတည်နေသည်ဟု ယူဆရသည်။ လေယာဉ်အားလုံးတွင် အသက်ရှင် ကျန်ရစ်သူ တစ်ယောက်မှ မရှိခဲ့ပေ။
ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃၀၀၀ ကျော် နှင့် အကြမ်းဖက်သမား ၁၉ ယောက် သေဆုံးခဲ့သည်။ [3]နယူးယောက်ပြည်နယ် ကျန်းမာရေးဌာန၏ အဆိုအရ မီးသတ်သမားနှင့် ရဲများ အပါအဝင် ကူညီကယ်ဆယ်သူ ၈၃၆ဦး သေဆုံးခဲ့ရသည်။[3] ဝေါလ်ထရိတ်စင်တာတွင် သေဆုံးသော ပြည်သူ ၂,၇၅၂ ဦးတွင် မီးသတ်သမား ၃၄၃ ဦးနှင့် နယူးယောက်မြို့တော် နှင့် ဆိပ်ကမ်းအာဏာပိုင် ရဲအဖွဲ့မှ ရဲအရာရှိ ၆၀ ဦး ပါဝင်သည်။[4] အခြား ၁၈၄ ယောက်မှာ ပင်တဂွန် စစ်ဌာနချုပ်ကို တိုက်ခိုက်ရာတွင် သေဆုံးခဲ့သည်။ [5] ထိခိုက်ဒဏ်ရာ ရသူနှင့် သေဆုံးသူ အများစုမှာ အရပ်သားများ ဖြစ်ပြီး နိုင်ငံပေါင်း ၇၀ ကျော်မှ နိုင်ငံသားများ ပါဝင်သည်။ [6] ထိုမျှသာမက အခြားလူတစ်ဦးမှာလည်း ဝေါလ်ထရိတ်စင်တာ ပြိုကျမှုကြောင့် ပေါ်ထွက်လာသော ဖုန်မှုန့်များကို ရှူရှိုက်မိပြီး အဆုတ်ရောဂါဖြင့် သေဆုံးခဲ့ရသည်ဟု ဆရာဝန်တစ်ဦးက ဆိုသည်။[7]
ထိုတိုက်ခိုက်မှု အပြီးတွင် အယ်လ်ကေးဒါး အဖွဲ့၏ ပယောဂ မကင်းနိုင်ကြောင်း သံသယများ အလျှင်အမြန်ဖြစ်ပေါ်လာခဲ့သည်။ ထိုအဖွဲ့၏ ခေါင်းဆောင် အိုစမာ ဘင်လာဒင် က အယ်လ်ကေးဒါး ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သော်လည်း ၂၀၀၄ ခုနှစ်တွင်မှု သူတို့၏ လက်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။[8] အမေရိကန်က ထိုတိုက်ခိုက်မှု အတွက် အကြမ်းဖက်သမားတို့ နှင့် စစ်ပွဲ ဟုကြေညာကာ လက်တုံ့ပြန်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံ ကို ၂၀၀၁ ခုနှစ်တွင် ဝင်ရောက်ကျူးကျော်ခဲ့သည်။ အယ်လ်ကေးဒါး အဖွဲ့ဝင်များအား ခိုလှုံခွင့် ပေးခဲ့သော တာလီဘန်အစိုးရကို ဖြုတ်ချပစ်ရန် ဖြစ်ပြီး အမေရိကန်မျိုးချစ်ဥပဒေကို အကောင်အထည်အဖော်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် မေလတွင်မှ အိုစမာဘင်လာဒင်ကို ရှာဖွေတွေ့ရှိပြီး လက်စတုံး နိုင်ခဲ့သည်။ အခြားနိုင်ငံများကလည်း အကြမ်းဖက်သမား ဆန့်ကျင်ရေး ဥပဒေများကို တင်းကြပ်ခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ခဲ့သည်။ အချို့သော အမေရိကန် စတော့ဈေးကွက် များသည် တိုက်ခိုက်မှု အပြီးတွင် ကျန်ရှိသော ရက်သတ္တပတ် တစ်ခုလုံး ပိတ်ထားခဲ့သည်။ ပြန်လည်ဖွင့်လှစ်သော အခါတွင် လေကြောင်းလိုင်းနှင့် အာမခံလုပ်ငန်းတို့၏ ရှယ်ယာများ အကြီးအကျယ် ဈေးကျ လာခဲ့သည်။ ဘီလီယံဒေါ်လာပေါင်း မြောက်မြားစွာတန်သော ရုံးခန်းများ ပျက်စီးသွားခြင်းကြောင့် မက်ဟက်တန် အောက်ပိုင်း ဒေသ၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။
ပင်တဂွန် အဆောက်အအုံ၏ ပျက်စီးမှုကို တစ်နှစ်အတွင်း ရှင်းလင်းပြင်ဆင်နိုင်ခဲ့ပြီး ပင်တဂွန် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဆောက်အအုံကို ပျက်စီးသွားသော အဆောက်အအုံ၏ ဘေးတွင် တည်ဆောက်ခဲ့သည်။ ဝေါလ်ထရိတ်စင်တာ အဆောက်အအုံ ပြန်လည်တည်ဆောက်မှုကိုလည်း စတင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ပြိုကျ ပျက်စီးသွားသည့် နေရာနှင့် မျက်နှာချင်းဆိုင်တွင် "ဝေါလ်ထရိတ်စင်တာ ၇" ရုံးအဆောက်အအုံ အသစ်ကို တည်ဆောက်ပြီးစီးခဲ့သည်။ ပြိုကျပျက်စီးသွားသည့် နေရာတွင် တည်ဆောက်နေသည့် ဝမ်း ဝေါလ်ထရိတ်စင်တာ အဆောက်အဦးမှာ ၂၀၁၃ ခုနှစ်တွင် ပြီးစီးလိမ့်မည်ဟု မျှော်လင့်ရသည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် လေယာဉ်ခရီးစဉ် အမှတ် ၉၃ အတွက် နေရှင်နယ် မယ်မိုရီရယ်လ် အထိမ်းအမှတ် အဆောက်အအုံ တည်ဆောက်ရန် စတင် အုတ်မြစ်ချခဲ့သည်။ ဆောက်လုပ်ရေး၏ ပထမအဆင့်သည် စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှု၏ ဆယ်နှစ် နှစ်ပတ်လည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် ပြီးစီးလိမ့်မည်ဟု မျှော်လင့်ရသည်။ [9]