ဆရာဝန်တစ်ဦးမှ ကိုယ်ဝန်ဆောင်အား စစ်ဆေးခြင်း
From Wikipedia, the free encyclopedia
ကိုယ်ဝန်ဆောင်အား စောင့်ရှောက်ခြင်း ဆိုသည်မှာ ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း အမျိုးသမီးများခံယူသင့်သည်ဟု အကြံပြုထားသော ဆေးဝါးကုသမှုနှင့် သူနာပြုစုစောင့်ရှောက် ခြင်းတို့ကို ရည်ညွှန်းသည်။ ကောင်းမွန်သော ကိုယ်ဝန်ဆောင် ပြုစုစောင့်ရှောက်ခြင်း၏ ရည်ရွယ်ချက်မှာ ဖြစ်နိုင်ရန် အလားအလာရှိသော ပြဿနာအခက်အခဲများကို ရှာဖွေတွေ့ရှိနိုင်ရန်၊ ဖြစ်နိုင်လျှင် ကြိုတင် ကာကွယ်ရန် (အာဟာရဓာတ်၊ လေ့ကျင့်ခန်း၊ ဗီတာမင် စားသုံးမှုပမာဏ စသည်တို့ လုံလောက်စွာ ရရှိနိုင်ရန်အတွက် ထောက်ခံချက်များပေးခြင်းတို့ဖြင့်) နှင့် လိုအပ်ပါက အမျိုးသမီး အား သင့်လျော်သော အထူးကုများ၊ ဆေးရုံများ စသည်တို့အား ညွှန်ပြနိုင်ရန်အတွက် ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပုံမှန် ကိုယ်ဝန်ဆောင် ပြုစုစောင့်ရှောက်မှု ရယူနိုင်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း နှင့် ကိုယ်ဝန်ပျက်ကျခြင်းနှုန်းများကို လျော့နည်းလာစေရုံသာမက ချွတ်ယွင်းချက်များဖြင့် မွေးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားခြင်းနှင့် မွေးကင်းစကလေးငယ်များတွင် ဖြစ်တတ်သော အခြား ကြိုတင်ကာကွယ် နိုင်သော ပြဿနာအခက်အခဲများကို လျှော့ချရာတွင် အခန်းကဏ္ဍတစ်နေရာမှ ပါဝင်နေပေသည်။တိရစ္ဆာန်များအား လေ့လာချက်များအရ သားဥကြွေခြင်းမတိုင်မီနှင့် သန္ဓေတည်သောကာလအတွင်း မိခင်၏ ဓာတ်စာ (ဖြစ်နိုင်လျှင် ဖခင်အပါအဝင်)၊ ဗီတာမင်ဓာတ်စားသုံးမှုပမာဏနှင့် ဂလူးကို့စ်ပမာဏ တို့သည် သန္ဓေသားကြီးထွားမှုနှင့် ဆယ်ကျော်သက်အရွယ်နှင့် အရွယ်ရောက်သောအချိန်တွင် ဖြစ်သော ရောဂါများအထိ ရည်ရှည် အကျိုးသက်ရောက်မှုရှိကြောင်းကို ညွှန်ပြနေပါသည်။ ကိုယ်ဝန်ဆောင်မိခင်အားစောင့်ရှောက်ခြင်း ရရှိနိုင်ခြင်းကြောင့် ပုဂ္ဂလိကကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများ အထိုက်အလျောက် ရရှိနေစဉ်၊ လူမှုစီးပွားပြဿနာများကဖွံ့ဖြိုးပြီး နိုင်ငံအတော်များများတွင်သာမက ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ပါ ၎င်းအား ယုံကြည်လက်ခံကျင့်သုံးခြင်းကို တားဆီးနေပေသည်။ ကိုယ်ဝန်ဆောင်နေစဉ် အလေ့အကျင့်တစ်ခုမှာ အာရုံကြောဆိုင်ရာ ချွတ်ယွင်းချက်များ ကာကွယ်ရန်အတွက် ကိုယ်ဝန်ဆောင်မိခင်အား ဖောလစ်အက်ဆစ် အနည်းဆုံး 400 mcg နှင့်အတူ ဗီတာမင်ဓာတ်များ တိုက်ကျွေးရန်ဖြစ်သည်။