ဗုဒ္ဓ
ဗုဒ္ဓ / From Wikipedia, the free encyclopedia
ဗုဒ္ဓဘာသာတွင် ဗုဒ္ဓ (သို့) ဗုဒ္ဓတ္တ (ဗုဒ္ဓ၏အဖြစ်) ဆိုသည်မှာ သစ္စာလေးပါးကို ကိုယ်တိုင်အသိဉာဏ်ဖြင့် သိရှိသောကြောင့် ဉာဏ်အလင်းပွင့်သူ (the Awakened)[1]၊ သဗ္ဗညုတဉာဏ်တော် (ဗောဓိဉာဏ်)ကို ပိုင်ဆိုင်သူ၊ လမ်းညွှန်ပြသပေးသည့် ဆရာမရှိဘဲ ကိုယ်တိုင်အားထုတ်မှုဖြင့်သာ ဗုဒ္ဓအဖြစ်သို့ရောက်ရှိသူ၊ နိဗ္ဗာန်သို့ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် ရောက်ရှိသောသူဟု ယေဘုယျအနက်ရရှိသည်။ ဗုဒ္ဓဟူသည့်စကားလုံးသည် ကိုယ်ပိုင်နာမ် (အမည်)မဟုတ်ဘဲ အာလုပ်ပုဒ်အရခေါ်ဆိုသည့် အများဆိုင်နာမ်ဖြစ်သော်လည်း ကမ္ဘာတလွှား၌ ဗုဒ္ဓဟုဆိုလိုက်လျှင် ဗုဒ္ဓဘာသာကို စတင်တည်ထောင်သော ဂေါတမဗုဒ္ဓကိုသာ အများအားဖြင့် ရည်ညွှန်းလေ့ရှိသည်။ ဗုဒ္ဓ (သင်္သကရိုက်: buddhatva; ပါဠိ: buddhatta or buddhabhāva) သည် ဗုဒ္ဓဘာသာဝင်များအဖို့ ဘုရား (Buddhahood - ဗုဒ္ဓမြတ်စွာဘုရား) ဖြစ်၍ သမ္မာသမ္ဗုဒ္ဓ (sammāsambuddha - ခပ်သိမ်းသောတရားတို့ကို ကိုယ်တိုင်သိတော်မူသောဘုရား) ဟူ၍လည်း ခေါ်ဝေါ်သုံးနှုန်းကြသည်။
ဗုဒ္ဓဆိုသည့် စကားလုံးကို ဂေါတမဗုဒ္ဓမတိုင်မီ ပွင့်တော်မူခဲ့သော ဘုရားရှင်များအားလုံးအတွက် ရည်ညွှန်းသုံးစွဲကြသည်။ မဟာယာနဗုဒ္ဓဘာသာတွင် ကောင်းကင်ဘုံမှ ဗုဒ္ဓငါးပါးကို ရည်ညွှန်းခေါ်ဝေါ်လေ့ရှိပြီး အနာဂတ်တွင် ပွင့်မည့် "မေတ္တယျ" အမည်တွင်သည့် ဗောဓိသတ္တဘုရားလောင်းကိုလည်း ညွှန်းဆိုကြသည်။
ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာများ၏ ပန်းတိုင်မှာ တူညီမှုမရှိကြချေ။ ထေရဝါဒသည် ဗုဒ္ဓ၏အဆုံးအမ ဓမ္မတရားကို လိုက်နာကျင့်သုံးခြင်းဖြင့် အရဟတ္တဆိုက်ရောက်၍[2] နိဗ္ဗာန်သို့ ဝင်ရန်ဖြစ်သည်။ တစ်ဖက်တွင်ကား မဟာယာန၏ နောက်ဆုံးပန်းတိုင်မှာ ဗုဒ္ဓအဖြစ်ရောက်ရှိရေးဖြစ်ပြီး ထိုသို့ရောက်ရှိမှ သတ္တဝါအားလုံးကို ဒုက္ခ၏ လွတ်မြောက်ရာကို လမ်းညွှန်ပြသနိုင်ပေသည်ဟု ခံယူကြသည်။[2]