အော်စကာ ဝိုင်းလ်ဒ်
From Wikipedia, the free encyclopedia
အော်စကာ ဖင်ဂယ်လ် အို'ဖလာဟာတီး ဝီလ်စ် ဝိုင်းလ်ဒ် (အင်္ဂလိပ်: Oscar Fingal O'Flahertie Wills Wilde) သည် အိုင်းရစ် ကဗျာဆရာ၊ ပြဇာတ်ဆရာတစ်ဦးဖြစ်သည်။ ၁၈၈၀ နှစ်များတွင် ပုံစံအမျိုးမျိုးဖြင့် စာပေများကို ရေးသားခဲ့ပြီး ၁၈၉၀ အစောပိုင်းနှစ်များတွင် လန်ဒန်မြို့ရှိ အကျော်ကြားဆုံး ပြဇာတ်ဆရာများထဲ၌ တစ်ဦးဖြစ်လာခဲ့သည်။ အော်စကာကို ၎င်း၏ စာတိုပတ်စ၊ ကဗျာတိုများ၊ ဒေါရီယန်ဂရေး၏ ပန်ချီကား (The Picture of Dorian Gray) လုံးချင်းဝတ္ထုတို့ကြောင့် ၎င်းကိုအမှတ်တရရှိကြသည့်အပြင် (နှစ်ဦး (သို့) အများသဘောတူ) လိင်တူဆက်ဆံခြင်းအတွက် ဆိုးရွားသည့်မဖွယ်မရာဆောင်ရွက်သည်ဆိုကာ စွဲချက်တင်ခံရခြင်းကြောင့် ပထမဆုံး တရားစီရင်ခံရသည့် နာမည်ကျော်ပုဂ္ဂိုလ်များထဲက တစ်ဦးဖြစ်ကာ[1] ထောင်ကျခြင်း၊ အသက် (၄၆) နှစ်အရွယ် ဦးနှောက်အမှေးရောင်ရောဂါဖြင့် ငယ်ငယ်ရွယ်ရွယ်၌ တိမ်းပါးသွားခြင်းတို့ကြောင့်လည်း အမှတ်တရရှိကြလေသည်။
အော်စကာ ဝိုင်းလ်ဒ် Oscar Wilde | |
---|---|
Wilde in 1882 | |
မွေးဖွား | အော်စကာ ဖင်ဂယ်လ် အို'ဖလာဟာတီး ဝီလ်စ် ဝိုင်းလ်ဒ် (1854-10-16)၁၆ အောက်တိုဘာ၊ ၁၈၅၄ အိုင်ယာလန်၊ ဒဘလင် |
ကွယ်လွန် | ၃၀ နိုဝင်ဘာ၊ ၁၉၀၀(1900-11-30) (အသက် ၄၆) ပြင်သစ်၊ ပဲရစ်မြို့၊ ဆန့်-ဂျာမဲန်-ဒီ-ပရီး အရပ်၊ ဒီ'အာလ်ဇာ့စ် ဟိုတယ်။ |
မြေမြှုပ်သင်္ဂြိုဟ် | Père Lachaise Cemetery |
အလုပ်အကိုင် |
|
ဘာသာစကား | အင်္ဂလိပ်၊ ပြင်သစ်၊ ဂရိ |
နိုင်ငံလူမျိုး | အိုင်းရစ် |
ပညာရေး | ပေါ်တိုရာ တော်ဝင်ကျောင်း |
မိခင်ကျောင်း |
|
ကာလ | ဝိတိုရိယခေတ် |
စာပေအမျိုးအစား | စာတိုကဗျာတို၊ ပြဇာတ်၊ ဝတ္ထုတို၊ ဝေဖန်ရေး၊ သတင်းပညာရပ် |
စာပေလှုပ်ရှားမှု |
|
ထင်ရှားသည့်လက်ရာများ |
|
အိမ်ထောင်ဖက် | Constance Lloyd (လက်ထပ် 1884; died 1898) |
သားသမီး |
|
ဆွေမျိုးသားချင်း |
|
မိဘ |
|
လက်မှတ် |
ဝိုင်းလ်ဒ်၏ မိဘများသည် ဒဘလင်မြို့မှ အင်္ဂလိပ်-အိုင်းရစ် ပညာတတ်များဖြစ်ကြပြီး ငယ်ရွယ်စဉ်ကပင် ပြင်သစ်၊ ဂျာမန်စကားများကို နိုင်နိုင်နင်းနင်း ပြောတတ်စေရန် လေ့ကျင့်သင်ကြားခဲ့သည်။ တက္ကသိုလ်တွင် ဝိုင်းလ်ဒ်က ဂန္ထဝင်ဘာသာရပ်နှင့် ဒဿနိကဗေဒတွဲစပ်ဘာသာကို ယူသည်။ ပထမဆုံး ထရင်နတီကောလိပ်၊ ထို့နောက် အောက်စဖို့ဒ်တက္ကသိုလ်၏ မာ့ဂ်ဒါလင်ကောလိပ်တွင် ပညာသင်ယူခဲ့၍ သူ့ကိုယ်သူ ထူးခြားသော ဂန္ထဝင်ပညာရှင်ဟု လက်တွေ့ပြသခဲ့သည်။ ၎င်း၏ သရုပ်ပြဆရာနှစ်ဦးဖြစ်သော ဝေါလ်တာ ပါတာ (Walter Pater) နှင့် ဂျွန် ရာ့စ်ကင် (Ruskin) တို့ဦးဆောင်လမ်းပြမှုဖြင့် အနုသုခုမ/ရသပညာရပ်၏ ထင်ရှားသော ဒဿနဆိုင်ရာတို့နှင့် ပတ်သက်လာမိသည်။ တက္ကသိုလ်ပြီးနောက် ဝိုင်းလ်ဒ်သည် လန်ဒန်သို့ပြောင်း၍ ဖက်ရှင်ယဉ်ကျေးမှု လူမှုအသိုင်းဝိုင်းများကြား ကျင်လည်ခဲ့သည်။
ရသပညာရပ်အတွက် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် စာပေဆောင်ရွက်မှုအမျိုးမျိုးတွင် စမ်းသပ်ကြည့်ခဲ့၏ ။ ကဗျာစာအုပ်ထုတ်ဝေသည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတို့တွင် "အင်္ဂလိပ်အနုပညာ နှင့် အတွင်းပိုင်းအလှဆင်ခြင်း ခေတ်ဆန်းချိန်အသစ်" အမည်ဖြင့် ပို့ချမှုပြုသည်။ ထို့နောက် လန်ဒန်သို့ပြန်ပြီး အရေးသွက်လက်သော သတင်းစာဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၎င်း၏ ပြင်းထန်ရက်စက်လှသော ဝေဖန်ရေးစွမ်းရည်၊ လှပကျော့မော့အရောင်သွေးစုံလင်သည့် အဝတ်အစား၊ လေးစားလောက်ဖွယ် စကားပြောစွမ်းရည်တို့ကြောင့် ထင်ရှားသည့် ဝိုင်းလ်ဒ်သည် သူ့ခေတ်သူ့အခါက နာမည်ကျော်ကြား အထင်ရှားဆုံးသူများထဲက တစ်ဦးဖြစ်လာခဲ့သည်။ ၁၈၉၀ အလှည့်အပြောင်းကာလများ၌ ဆွေးနွေးမှုများ၊ အက်ဆေးများစွာတို့၌ အနုပညာ၏ သာလွန်မြင့်မြတ်မှုသဘောနှင့်ပတ်သက်၍ ၎င်း၏ စိတ်ကူးများကို ပြုပြင်မွမ်းမံခဲ့ကာ စာရိတ္တဆုတ်ယုတ်လာခြင်း၊ လှည့်ဖြားခြင်း၊ အလှတရား စသည့်အကြောင်းအရာတို့ကို ပေါင်းစပ်၍ ၎င်း၏ တစ်ခုတည်းသော လုံးချင်းဝတ္ထု (The Picture of Dorian Gray) ကို ရေးသားခဲ့သည်။ ရသပိုင်း အသေးစိတ်ကို တိတိကျကျတည်ဆောက်ရန်၊ ပို၍ကြီးမားကျယ်ပြန့်သော လူမှုအကြောင်းအရာများထဲသို့ ပေါင်းစပ်ရန်ဆိုသည့် အခွင့်အလမ်းတစ်ခုသည် ဝိုင်းလ်ဒ်အား ပြဇာတ်များကို ရေးဖြစ်သွားစေသည်။ ပဲရစ်၌ရှိစဉ် ဆာလိုမီပြဇာတ် (Salome) ကို ၁၈၉၁ တွင် ရေးသားခဲ့သည်။ ထိုပြဇာတ်ကို အင်္ဂလန်နိုင်ငံအတွက် လိုင်စင်အငြင်းခံလိုက်ရသည်။ အင်္ဂလိပ်ပြဇာတ်စဉ်များပေါ်၌ သမ္မာကျမ်းလာကြောင်းရာများကို တင်ဆက်ခွင့် တားမြစ်ထားသောကြောင့်ဖြစ်၏ ။ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ဝိုင်းလ်ဒ်သည် ၁၈၉၀ အစောပိုင်းနှစ်များ၌ လူမှုဇာတ်မြူးလေးပုဒ်ကို ရေးသားထုတ်ဝေခဲ့ကာ ထိုသို့ရေးသားခြင်းများကပင် ၎င်းကို ဝိတိုရိယခေတ်နှောင်း လန်ဒန်ရှိ အအအောင်မြင်ဆုံး ပြဇာတ်ဆရာများထဲကတစ်ဦးဖြစ်လာသည်။
အောင်မြင်မှု၊ ကျော်ကြားမှု အရှိန်ဟုန်ကောင်းစဉ်၊ ၁၈၉၅ ၌ The Importance of Being Earnest ပြဇာတ်ကို လန်ဒန်၌ ဖျော်ဖြေစဉ်ကာလတွင် ဝိုင်းလ်ဒ်သည် ကွီးန်စ်ဘယ်ရီ မှူးမတ်ကြီး (Marquess of Queensberry) ကို ၎င်းအား ရာဇဝတ်မှုမြောက် အသရေဖျက်ခြင်းအတွက် တရားစွဲဆိုသည်။ ထိုအမတ် (အရာရှိကြီး) သည် ဝိုင်းလ်ဒ်၏ ချစ်သူ "လော့ဒ် အဲလ်ဖရဒ် ဒါ့ဂလာ့စ် (Lord Alfred Douglas) ၏ ဖခင်ပင်ဖြစ်၏ ။ ထိုတရားစွဲဆိုမှုကပင်လျှင် ဝိုင်းလ်ဒ်၏ စွပ်စွဲချက်ကို ရုပ်သိမ်းစေရသည့် အထောက်အထားများကို တွေ့ခဲ့ရပြီး ကိုယ်တိုင် အဖမ်းခံ အကျဉ်းစံရသည်အထိ ဖြစ်သွားခဲ့လေသည်။ အကြောင်းမှာ လိင်တူဆက်ဆံခြင်းအတွက် တရားစီရင်ခံလိုက်ရ၍ ဖြစ်၏ ။ တရားခွင်နှစ်ခုအပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်ကျခံရ၍ ၁၈၉၅ မှ ၁၈၉၇ အထိဖြစ်သည်။ ထောင်သက်တမ်း ဒုတိယနှစ်တွင် "အသည်းခိုက် ဝမ်းနည်းပူဆွေး" (De Profundis - တိုက်ရိုက်:နက်လွန်းသည့်နေရာမှ) စာကို ရေးသားခဲ့ပြီး ၎င်းသေလွန်ပြီးအချိန် ၁၉၀၅ တွင် ထုတ်ဝေခြင်းခံရသည်။ ထိုစာသည် ရှည်လျှားသည့်စာဖြစ်၍ တရားခွင်များတစ်လျှောက် ၎င်း၏ စိတ်ပိုင်းဆိုင်ရာဖြတ်သန်းရမှု၊ ယခင်ကာလ သာယာကြည်နူးမှု ဒဿနအမြင်အပေါ် တန်ပြန်အမှောင်ဘက်ဆန်သည့်ပုံစံတို့ဖြင့် ပြည့်ဝန်းစွာ ဖော်ကျူးတင်ပြထားသည်။ ရက်စေ့၍ ထောင်မှလွတ်မြောက်လာသော် ပြင်သစ်သို့ ချက်ချင်းသွားရောက်ခဲ့ကာ အိုင်ယာလန် (သို့) အင်္ဂလန်သို့ မပြန်ခဲ့တော့ပေ။ နောက်ဆုံးလက်ရာမှာ "The Ballad of Reading Gaol" ဖြစ်ပြီး ၁၈၉၈ က အားထုတ်မှုဖြစ်ကာ ထောင်တွင်းဘဝကို ပြင်းထန်စူးရှသည့် ကာရန်များဖြင့် အမှတ်ရစွာစပ်ဆိုခဲ့သည့် ကဗျာရှည်တစ်ပုဒ်ဖြစ်လေသည်။