ခေါင်းကိုက်ခြင်း
ဦးခေါင်း သို့မဟုတ် လည်ပင်း၌ နာကျင်ကိုက်ခဲခြင်း / From Wikipedia, the free encyclopedia
ခေါင်းကိုက်ခြင်း သို့မဟုတ် ဆယ်(လ်)ဖဲ့(လ်)ဂျီးယား သည် ဦးခေါင်း သို့မဟုတ် လည်ပင်းတဝိုက်ရှိ မည်သည့်နေရာတွင်မဆို နာကျင်ခြင်း ဖြစ်သည်။ ဦးခေါင်း သို့မဟုတ် လည်ပင်းတို့၏ အမျိုးမျိုးသော အခြေအနေများတွင် ဖြစ်သော ရောဂါလက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ဦးနှောက် တစ်ရှူးတွင် နာကျင်မှုကိုသိစေသော အာရုံခံ မရှိသောကြောင့် ကိုယ်တိုင်က နာကျင်မှုကို မခံစားရပေ။ ထို့ထက်၊ ဦးနှောက်တဝိုက်ရှိ နာကျင်မှုကို ခံစားလွယ်သော ဖွဲ့စည်းတည်ဆောက်မှုများ၏ နှောက်ယှက်မှုကြောင့် နာကျင်မှုဖြစ်ပေါ်ရခြင်း ဖြစ်သည်။ ဦးခေါင်း သို့မဟုတ် လည်ပင်းတဝိုက်ရှိ နေရာအတော်များများတွင် ဤသို့သော နာကျင်မှုကို ခံစားသော ဖွဲ့စည်းတည်ဆောက်မှုများ ရှိပြီး နှစ်မျိုး ခွဲခြားနိုင်သည်- ဦးခေါင်းထိပ်ပိုင်း (သွေးကြောများ၊ ဦးနှောက်အမြှေးအလွှာများ၊ နှင့် ဦးခေါင်းရှိ အာရုံကြောများ) နှင့် ဦးခေါင်းထိပ်ပိုင်းပြင်ပ (ဦးခေါင်ခွံတွင်း အမြှေးပါး၊ ကြွက်သားများ၊ အာရုံကြောများ၊ သွေးလွှတ်ကြောများနှင့် သွေးပြန်ကြောများ၊ အရေပြားအောက်ရှိ တစ်ရှူးများ၊ မျက်စိများ၊ နားများ၊ နဖူး၊ ပါးရိုး နှင့် နှာခေါင်းရိုး တဝိုက်ရှိ လေအိတ်ငယ်များနှင့် အကျိအချွဲရှိသော အမြှေးပါးများ) ဖြစ်သည်။ ခေါင်းကိုက်ခြင်းများအတွက် အမျိုးအစားခွဲခြားခြင်း စနစ် အမျိုးမျိုးရှိသည်။ လူသိအများဆုံးမှာ အပြည်ပြည်ဆိုင်ရာ ခေါင်းကိုက်ခြင်း အဖွဲ့အစည်းက သတ်မှတ်ထားချက်များ ဖြစ်သည်။ ခေါင်းကိုက်ခြင်းကို ကုသခြင်းမှာ အခြေခံ အကြောင်းရင်းလေ့လာချက် သို့မဟုတ် အကြောင်းရင်းအပေါ် မူတည်သော်လည်း အများအားဖြင့် အကိုက်အခဲပျောက်ဆေးများကို အသုံးပြုကြသည်။