အင်ဒို-ဥရောပနွယ် ဘာသာစကားများ
ဘာသာစကား မိသားစုသည် အနောက်နှင့် တောင်ပိုင်း ယူရေးရှားတွင် မွေးဖွားသည်။ / From Wikipedia, the free encyclopedia
အင်ဒို-ဥရောပနွယ် ဘာသာစကားများ သည် ဆက်နွယ်နေသည့် ဘာသာစကားများနှင့် ဒေသိယစကား ရာဂဏန်းကို စုစည်းထားသည့် ဘာသာစကား မိသားစုကြီး ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ရှင်သန်လျက် ရှိသော အင်ဒို-ယူရိုပီယန် ဘာသာစကားများ စုစုပေါင်း ၄၄၅ ခုခန့်ရှိသည်။ ၎င်းတို့အနက် အင်ဒို-အီရန်နီးယန်း ကိုင်းခွဲမှာ ဘာသာစကား ၃၁၃ ခုရှိ၍ စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်ရှိသည်။ အင်ဒို-ယူရိုပီယန် ဘာသာစကား မိသားစုကြီးတွင် အများအားဖြင့် ယနေ့ခေတ် ဥရောပနှင့် အာရှတိုက် အနောက်ပိုင်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်း တွင်ရှိသော ဘာသာစကားများ ပါဝင်သည်။ အင်ဒို-ယူရိုပီယန် ဘာသာစကားများသည် ရှေးခေတ် အနာတိုလီယား(ယနေ့ တူရကီနိုင်ငံ)နှင့် ရှေးခေတ် တာရင်းချိုင့်ဝှမ်းဒေသ (ယနေ့ တရုပ်နိုင်ငံ အနောက်မြောက်ပိုင်း)၊ အာရှတိုက် အလယ်ပိုင်းဒေသ အများစုနှင့် တောင်အာရှ စသည့်ဒေသများတွင် စတင်အခြေချခဲ့သည်။ ကြေးခေတ် အနာတိုလီယန်းဘာသာစကား နှင့် မိုင်စီနေးယန်း ဂရိဘာသာစကား အထောက်အထားများအရ အင်ဒို-ယူရိုပီယန် ဘာသာစကား မိသားစုသည် အာဖရိုအေးရှားတစ် ဘာသာစကား မိသားစုပြီးလျှင် ဒုတိယ အရှည်လျားဆုံး သမိုင်းကြောင်း မှတ်တမ်းရှိသည့် ဘာသာစကား မိသားစုဖြစ်သည်။