အိုလံပစ် အားကစားပွဲတော်
နိုင်ငံတကာအားကစားပြိုင်ပွဲကြီးများ / From Wikipedia, the free encyclopedia
အိုလံပစ် အားကစားပွဲတော်သည် အပြည်ဆိုင်ဆိုင်ရာမှ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်း မျိုးစုံပါဝင်သည့် ကစားပွဲကြီးတစ်ခုဖြစ်သည်။ အိုလံပစ်အားကစားပွဲအား ကာလအပိုင်းအခြား နှစ်ခုဖြင့်ရှုမြင်နိုင်သည်။ ၎င်းတို့မှာ ဂရိလူမျိုးတို့၏ မူလပထမရှေးဟောင်း အိုလံပစ်ပွဲနှင့် ဒုတိယတစ်မျိုးမှာ ယခုနိုင်ငံတကာမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ခေတ်ပေါ်အိုလံပစ် အားကစားပွဲတို့ ဖြစ်ကြသည်။ ပထမဆုံးခေတ်သစ် အိုလံပစ်ပွဲအား ၁၈၉၆ တွင်ဂရိနိုင်ငံ အေသင်မြို့တွင် စတင်ကျင်းပခဲ့သည်။ ခေတ်သစ် အိုလံပစ်အားကစားပွဲတွင် နွေရာသီအိုလံပစ်ပွဲတော် နှင့် ဆောင်းရာသီအိုလံပစ် ပွဲတော်တို့ ပါဝင်သည်။ ပါရာလံပစ် (paralympic) နှင့် လူငယ်အိုလံပစ်ပြိုင်ပွဲများသည်လည်း ခေတ်သစ်အိုလံပစ်ပြိုင်ပွဲများ၏ တစိတ်တဒေသ အဖြစ်ကျင်းပကြသည်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (I.O.C) အား ၁၈၉၄ တွင်ပြင်သစ်လူမျိုး ဗဲရွန်ဘွဲ့ရ ပီယဲကူဗာတင်(Baron de Coubertin) က စတင်တည်ထောင်ခဲ့သည်။ သူ၏ အမြင်မှာ ကမ္ဘာတစ်ဝန်းရှိ အပျော်တမ်း အားကစားသမားများအား ပြိုင်ပွဲအမျိုးမျိုးတွင် ဝင်ရောက် ယှဉ်ပြိုင်ကြစေရန်ဖြစ်သည်။ အပျော်တမ်း အားကစားသမားများအား ယှဉ်ပြိုင်စေခြင်းမှာ စပွန်ဆာများ၏ ဖိအားမှ ကင်းလွတ်၍လည်းကောင်း နိုင်ငံရေးဖိအားများမှ ကင်းလွတ်၍ သန့်ရှင်းသောအားကစားနည်းများ ပိုမိုတိုးတက် လာစေရန်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ အားကစားနည်းများအားလည်း ထည့်သွင်းကျင်းပလာခြင်းဖြင့် အားကစားနည်းများစွာလည်း ပါဝင်လာသည်။ အိုလံပစ်ပွဲတော်ကြီးသည် နိုင်ငံရေးဆန္ဒပြမှုများ၊ တားမြစ်ဆေးသုံးစွဲမှုများ၊ အကြမ်းဖက်ခြင်းများ စသည့်စိန်ခေါ်မှုများစွာအား ရင်ဆိုင်ခဲ့ရသည်။ သို့သော် ကူဗာတင်၏ လက်ထက်မှစ၍ ထိုစိန်ခေါ်မှုများအား အရှုံးမပေးပဲ ဖြေရှင်းလာကာ ယခုအချိန်ထိ အိုလံပစ်ကော်မတီသည် ရှင်သန်ဖွံ့ဖြိုးနေဆဲဖြစ်သည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစမှ စတင်ကာ အားကစားနည်း ကိုယ်စားပြု သင်္ကေတများနှင့် ဆောင်ပုဒ်၊ စာတန်းများအား ထည့်သွင်းအသုံးပြုလာခဲ့ကြသည်။ ရိုးရာယဉ်ကျေးမှုများအားလည်း ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားများတွင် ပွဲတော်ကျင်းပသည့် အိမ်ရှင်နိုင်ငံများမှ ဖော်ထုတ်တင်ဆက်ကြသည်။ အိုလံပစ်ပွဲတော်၏ အဓိကဆောင်ပုဒ်မှာ
- citius(ပို၍မြန်သော)
- Altius (ပို၍မြင့်သော)
- Fortius(ပို၍သန်သော) ဟူ၍ဖြစ်သည်။[1]