ဝံလိုငှက်
From Wikipedia, the free encyclopedia
ဝံလိုငှက် (အင်္ဂလိပ်: White-bellied Sea Eagle) သည် အက်ဆီပီတြီဒီး မျိုးရင်းဝင် လင်းယုန်ငှက်တစ်မျိုးဖြစ်ပြီး မျိုးစိတ်အမည်မှာ ပါဏဗေဒအလိုအားဖြင့် ဟယ်လီအေးတပ် လျူကိုဂတ်စတား ဟု ခေါ်သည်။ ဝံလိုငှက်၏ အရွယ်မှာ အလျား ၂၈ လက်မရှိသည်။ ဦးခေါင်းတစ်ခုလုံးနှင့် ကိုယ်ထည်အောက်ပိုင်းသည် ဆွတ်ဆွတ်ဖြူ၏။ ကျောဖက်တွင် မွဲပြာရောင်သန်းသည့် အညိုရောင်ရှိ၍ အတောင်၏အဖျားသည် မည်း၏။ အမြီးမှာလည်း မည်းပြီးလျှင် အဖျား တွင် ကျယ်ပြန့်သော အဖြူစင်းပါရှိသည်။ ပျံသန်းသည့်အခါအတောင် သည် ကိုယ်အထက်တွင် အင်္ဂလိပ်အက္ခရာ 'ဉ္စ' ပုံကဲ့သို့ ဖြစ်နေ၏။ ဝံလိုငှက်ငယ်ကလေးများ၏ ဦးခေါင်း၊လည်ပင်းနှင့် ကိုယ်ထည်အောက်ပိုင်း တို့၏ အရောင်သည်ညို၏။ ဝံလိုငှက်၏အသံမှာ ကျယ်လောင်ပြီးလျှင် သတ္တုချင်း ထိခိုက်သံနှင့်တူသည်။ ထိုသံကို ခပ်လှမ်းလှမ်းမှ ကြားနိုင်သည်။ ပင်လယ်ကမ်းစပ်တွင် ကျက်စားလေ့ရှိသော ငှက်မျိုးဖြစ်သော်လည်း တစ်ခါတစ်ရံ ဒီရေအတက်အကျရှိသည့်မြစ်ဝကျွန်းပေါ် ဒေသများတွင်လည်း တွေ့ရတတ်သည်။ ဝံလိုငှက်သည် သားပေါက်ရာဒေသမှ အဝေးသို့ ထွက်ခွာသွားလေ့မရှိချေ။ အဓိကအစာမှာ ငါးနှင့် ရေမြွေများဖြစ်သည်။ ဝံလိုငှက် သားပေါက်ချိန်မှာ အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိဖြစ်သည်။ မြင့်မားသော သစ်ပင်ထက်တွင် အသိုက်ပြုလုပ်လေ့ရှိသည်။ အသိုက်၏အရွယ်မှာ အလွန်ကြီး၍ အသိုက်ဟောင်းကိုပင် ပြန်လည်အသုံးပြုလေ့ရှိသည်။ ဝံလိုငှက်ဥမှာ အဖြူရောင်ဖြစ်၍ တစ်မြုံလျှင် နှစ်လုံးရှိသည်။ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ သီဟိုဋ္ဌ်ကျွန်းတို့၏ ပင်လယ်ကမ်းခြေ တစ်လျှောက်မှ မလ္လာယုကျွန်းဆွယ်ကိုဖြတ်၍ ဩစတြေးလျတိုက်အထိ ဝံလိုငှက်ကို အနှံ့အပြား တွေ့နိုင်သည်။ မြန်မာနိုင်ငံ ကမ်းရိုးတန်းတွင် အနှံ့ အပြား တွေ့ရပြီးလျှင် မြန်မာနိုင်ငံရှိ မြစ်ကြီးများတစ်လျှောက်တွင်လည်း မြစ်ဝမှ မိုင် ၆ဝ နီးပါးခန့် ကွာဝေးသည့်ဒေသများ၌ အနှံ့အပြား တွေ့ရ သည်။[2]
ဝံလိုငှက် (အင်္ဂလိပ်: White-bellied Sea Eagle) | |
---|---|
ဩစတြေးလျ၊ ဝိတိုရိယပြည်နယ်၊ ဂစ္စလန်းကျွန်းမှ ဝံလိုငှက် | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Accipitriformes |
မျိုးရင်း: | Accipitridae |
မျိုးရင်းသေး: | Haliaeetinae |
မျိုးစု: | Haliaeetus |
မျိုးစိတ်: | H. leucogaster |
ဒွိနာမ | |
Haliaeetus leucogaster Gmelin, 1788 | |
Range of both this species and Sanford's sea eagle shown in green, but the latter demarcated within a paler blue circle | |
Synonyms | |
Ichthyaetus blagrus Blyth, 1843 |