IUCN အနီရောင်စာရင်း
ဇီဝမျိုးစိတ်များအပေါ် ကမ္ဘာလုံးဆိုင်ရာထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အမျိုးအစားခွဲခြား / From Wikipedia, the free encyclopedia
နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်းမှ ပြုစုသည့် ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များဆိုင်ရာ အနီရောင်စာရင်း (အင်္ဂလိပ်: IUCN Red List) ဆိုသည်မှာ ဇီဝမျိုးစိတ်များအတွက် ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး လိုအပ်နေမှုကို အဆင့်အတန်း သတ်မှတ်ပေးထားသည့် ဖော်ပြချက်များဖြင့် ပြုစုထားသော ကမ္ဘာ့အပြီးပြည့်စုံဆုံး စာရင်းတစ်ခုဖြစ်သည်။ ဤအဖွဲ့အစည်းအား IUCN မှ ၁၉၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။[1]
IUCN Red List | |
IUCN အနီရောင်စာရင်း၏ လိုဂိုအမှတ်တံဆိပ် | |
ဖွဲ့စည်းခြင်း | ၁၉၆၄ ခုနှစ် |
---|---|
ဌာနချုပ် | ယူနိုက်တက်ကင်းဒမ်း |
ဝန်ဆောင်မှုဒေသ | နိုင်ငံတကာ |
ရုံးသုံးဘာသာစကား | အင်္ဂလိပ် |
မိခင်အဖွဲ့အစည်း | နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN) |
နှီးနွယ်အဖွဲ့အစည်း | |
ဝက်ဘ်ဆိုဒ် | iucnredlist.org |
၎င်းစာရင်းသည် မျိုးစိတ်နှင့် မျိုးစိတ်ခွဲ ထောင်ပေါင်းများစွာ၏ မျိုးသုဉ်းအန္တရာယ်ကျရောက်နိုင်မှုအား တိကျသော စံသတ်မှတ်ချက်များကို အသုံးပြုကာ တွက်ချက်ထားခြင်းလည်း ဖြစ်သည်။ ဤစာရင်းရှိ အဆင့်အတန်း သတ်မှတ်မှုများသည် မျိုးစိတ်အားလုံးအတွက်ရော ကမ္ဘာ့ဒေသအသီးသီးနှင့်ပါ သက်ဆိုင်သည်။ IUCN အနီရောင်စာရင်းသည် ခိုင်မာသော သိပ္ပံနည်းကျလေ့လာဆန်းစစ်မှုကို အခြေခံထားသည့်အတွက်ကြောင့် ဇီဝမျိုးကွဲများ၏ အခြေအနေအတွက် မူဘောင်အဝင်ဆုံး လမ်းညွှန်အဖြစ် ကမ္ဘာတဝှမ်း အသိအမှတ်ပြုခြင်း ခံထားရပါသည်။
ဒေသအသီးသီးမှ မိမိ၏ဒေသန္တရဆိုင်ရာ အနီရောင်စာရင်းများကိုမူ သက်ဆိုင်ရာ ဒေသအလိုက် အာဏာပိုင်အဖွဲ့အစည်းများနှင့် စီမံခန့်ခွဲရေး အစိတ်အပိုင်းများမှ မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသာဖြစ်သည်။
IUCN Red List ၏ ရည်ရွယ်ချက်မှာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အရေးပေါ်ပြဿနာများကို အများပြည်သူနှင့် မူဝါဒချမှတ်သူများထံ တင်ပြရန်နှင့် ဇီဝမျိုးစိတ်များ မျိုးသုဉ်းမှုကို လျော့ပါးစေရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ကူညီမှုပေးရန်ဖြစ်သည်။ IUCN ၏ တရားဝင်ဖော်ပြထားမှုအရ အနီရောင်စာရင်း၏ ရည်မှန်းထားသောကိစ္စရပ်များမှာ ဇီဝမျိုးစိတ်များ အခြေအနေနှင့်ပတ်သက်၍ သိပ္ပံနည်းကျ သတင်းအချက်အလက်များကို ကမ္ဘာလုံးဆိုင်ရာအဆင့် သိရှိနိုင်စေရေး၊ ဇီဝမျိုးကွဲများ၏ ကျရောက်နေသော အန္တရာယ်အတိုင်းအတာနှင့် အရေးပါမှုအပေါ် အာရုံစိုက်ရန်၊ အမျိုးသားရေးနှင့် နိုင်ငံတကာ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်ချက်များကို လမ်းညွှန်ပေးနိုင်ရန်နှင့် အချက်အလက်များ ပံ့ပိုးပေးရန် ဟူ၍ဖြစ်သည်။[2]
ဇီဝမျိုးစိတ်များ၏ အခြေအနေများအပေါ် အဓိက အကဲဖြတ်မှုများတွင် BirdLife International ၊ Institute of Zoology ၊ ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု စောင့်ကြည့်လေ့လာရေး စင်တာနှင့် IUCN ဇီဝမျိုးစိတ်များရှင်သန်ရေး ကော်မရှင် (SSC) အတွင်းရှိ အထူးပြုအဖွဲ့များပါဝင်သည်။