သေဒဏ်
From Wikipedia, the free encyclopedia
သေဒဏ်ဆိုသည်မှာ လူတစ်ဦးတစ်ယောက်အား နိုင်ငံတစ်နိုင်ငံ၏ အာဏာပိုင် အဖွဲ့အစည်းမှ တရားဥပဒေ ကြောင်းအရ ရာဇဝတ်မှု တစ်ခု အတွက် အပြစ်ဒဏ်ပေးသည့် အနေဖြင့် သတ်စေခြင်းကို ဆိုလိုသည်။ အင်္ဂလိပ်ဘာသာဖြင့် Capital punishment ဟု သုံးနှုန်းလေ့ ရှိကြပြီး လက်တင်ဘာသာ capitalis မှ ဆင်းသက်လာသည်။ လက်တင်ဘာသာတွင် ခေါင်းနှင့်ဆိုင်သော ဟု အဓိပ္ပာယ်ရပြီး ရှေးယခင်ခေတ်များက ခေါင်းဖြတ်သတ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
သေဒဏ်ပေးခြင်းကို ရှေးယခင်အခါက လူ့အဖွဲ့အစည်း အားလုံးလိုလိုတွင် ကျင့်သုံးခဲ့ကြသည်။ ယခုလက်ရှိတွင် နိုင်ငံပေါင်း ၅၈ နိုင်ငံသာ ဆက်လက် ကျင့်သုံးလျက် ရှိပြီး နိုင်ငံပေါင်း ၉၇ နိုင်ငံမှ တရားဝင် ပယ်ဖျက်ပြီး ဖြစ်သည်။ ကျန်ရှိသော နိုင်ငံများမှာ ၁၀ နှစ်ကျော်မှ ကျင့်သုံးမှု မရှိခြင်းနှင့် ခြွင်းချက်အနေနှင့် စစ်ပွဲကာလ အတွင်းတွင်သာ ကျင့်သုံးခြင်းမျိုးသာ ရှိသည်။ [1] သေဒဏ်ပေးခြင်း ကိစ္စမှာ နိုင်ငံ အတော်များများတွင် အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်ပြီး နိုင်ငံရေး သဘောတရား တူညီသူများ နှင့် ယဉ်ကျေးမှု တူညီသူများ တွင်ပင် အယူအဆ အမျိုးမျိုး ကွဲပြားမှု ရှိသည်။ ဥရောပ သမဂ္ဂ၏ အဖွဲ့ဝင် နိုင်ငံများတွင် ဥရောပသမဂ္ဂ၏ အခြေခံ အခွင့်အရေး ပြဋ္ဌာန်းချက် အပိုဒ် (၂)မှ သေဒဏ်ပေးခြင်းကို တားမြစ် ထားသည်။[2]
ယခုလက်ရှိတွင် အမ်နက်စတီ အင်တာနေရှင်နယ် (Amnesty International) အဖွဲ့အစည်းမှ နိုင်ငံ အတော်များများကို သေဒဏ်ပေးမှု ဖျက်သိမ်းခြင်းကို သဘောတူညီသူများ အဖြစ် သတ်မှတ်ထားသည်။[3] ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ ၂၀၀၇၊ ၂၀၀၈ နှင့် ၂၀၁၀ ခုနှစ်များတွင် တကမ္ဘာလုံး အတိုင်းအတာနှင့် သေဒဏ်ပေးမှုကို ဆိုင်းငံပြီး နောက်ဆုံးတွင် ဖျက်သိမ်းကြရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။[4] နိုင်ငံအတော်များများတွင် သေဒဏ်ပေးမှုကို ဖျက်သိမ်းပြီး ဖြစ်သော်လည်း ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် သေဒဏ်ပေးခြင်း မဖျက်သိမ်းသေးသော နိုင်ငံများတွင် နေထိုင်နေကြသေးသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ အစရှိသော ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးသော နိုင်ငံကြီးများက သေဒဏ်ပေးခြင်းကို ဆက်လက်ကျင့်သုံး နေကြသောကြောင့်ပင် ဖြစ်သည်။ (အမေရိကန်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့သာ ရှားရှားပါးပါး တခါတရံမှသာ သေဒဏ်ပေးလေ့ ရှိသည်။) ထိုနိုင်ငံ ၄ နိုင်ငံ စလုံးသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးခဲ့သည်။[5][6][7][8][9][10][11] မြန်မာနိုင်ငံတွင်လည်း သေဒဏ်ပေးခြင်းကို တရားဝင် ဖျက်သိမ်းထားခြင်း မရှိပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ သေဒဏ်ပေးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးသော နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။