အင်ဒိုနီးရှားနိုင်ငံ
အရှေ့တောင်အာရှနိုင်ငံ / From Wikipedia, the free encyclopedia
အင်ဒိုနီးရှားနိုင်ငံ /ˌɪndəˈniːʒə/ ( နားဆင်) ၏ ရုံးသုံးအမည်မှာ အင်ဒိုနီးရှား သမ္မတနိုင်ငံဖြစ်ပြီး တိုက်တစ်ခုထက်ပို၍ နယ်မြေရှိသော တစည်းတလုံးတည်းရှိသည့် အချုပ်အခြာအာဏာပိုင် နိုင်ငံ ဖြစ်ကာ အရှေ့တောင်အာရှတွင် အဓိက တည်ရှိပြီး အချို့နယ်မြေများမှာ အိုရှန်းနီးယား တွင် ရှိသည်။ အိန္ဒိယသမုဒ္ဒရာ နှင့် ပစိဖိတ်သမုဒ္ဒရာ ကြားတွင် တည်ရှိပြီး ကျွန်းပေါင်း တစ်သောင်းသုံးထောင်ကျော် ရှိသဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျွန်းနိုင်ငံ ဖြစ်သည်။ [2] စတုရန်းမိုင်ပေါင်း ၇၃၅,၃၅၈မိုင် (စတုရန်း ကီလိုမီတာ ၁,၉၀၄,၅၆၉ ကီလိုမီတာ) မျှ ရှိသဖြင့် အင်ဒိုနီးရှားသည် ကုန်းမြေဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် ၁၄ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပြီး ပင်လယ်ဧရိယာ နှင့် ကုန်းမြေဧရိယာ ပေါင်းပါက ကမ္ဘာပေါ်တွင် သတ္တမမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။[3] လူဦးရေ ၂၆၁ သန်းမျှ ရှိသဖြင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး အော်စထရိုနီးရှန်းနိုင်ငံ နှင့် မွတ်စလင်ဘာသာဝင် အများစုရှိသော နိုင်ငံများတွင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည်။ လူဦးရေ အများဆုံးဖြစ်သော ဂျားဗားကျွန်းတွင်[4] နိုင်ငံလူဦးရေ၏ တစ်ဝက်ကျော် နေထိုင်ကြသည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံ | |
---|---|
ဆောင်ပုဒ်: Unity in Diversity | |
နိုင်ငံတော် သီချင်း: အင်ဒိုနီးရှားရာယ | |
မြို့တော် | ဂျကာတာမြို့ |
အကြီးဆုံးမြို့ | ဂျကာတာမြို့ |
ရုံးသုံး ဘာသာစကားများ | အင်ဒိုနီးရှားဘာသာ |
လူမျိုးစု | Javanese (၄၀.၆%), Sundanese (၁၅%), Madurese (၃.၃%), Minangkabau (၂.၇%), Betawi (၂.၄%), Bugis (၂.၄%), Banten (၂%), Banjar (၁.၇%), အခြား (၂၉.၉%) |
ကိုးကွယ်မှု | အစ္စလာမ် (၈၆.၁%), Protestant (၈.၇%), ဟိန္ဒူ (၁.၈%), အခြား (၃.၄%) |
အမျိုးအစား | သမ္မတနိုင်ငံ |
အစိုးရ | |
• သမ္မတ | ဂျိုကို ဝီဒိုဒို |
• ဒုတိယသမ္မတ | ဂျူးဆက် ကာလာ |
တည်ထောင် | |
• လွတ်လပ်ရေး(ကြေညာ) | ၁၇ ဩဂုတ် ၁၉၄၅ |
ဧရိယာ | |
• စုစုပေါင်း | ၁,၉၁၉,၄၄၀ km² (၇၃၅,၃၅၅ sq mi) (အဆင့်: ၁၆) |
• ရေထု (%) | ၄.၈၅ |
လူဦးရေ | |
• ခန့်မှန်း | ၂၃၇,၆၄၁,၃၂၆ [1] (အဆင့် - ၄) |
• သိပ်သည်းမှု | ၁၃၄/km² (၃၄၇/sq mi) (အဆင့် - ၈၄) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | US $၄၄၃ သိန်းကုဋေ (အဆင့် - ၂၀) |
• Per capita | US $၁,၉၂၅ (အဆင့် - ၁၁၅) |
HDI | ၀.၇၂၈ မြင့် · ၁၀၇ |
ငွေကြေး | Rupiah (IDR "Rp") |
အချိန်ဇုန် | အဖုံဖုံ (UTC+၇ to +၉) |
တယ်လီဖုန်းကုဒ် | +၆၂ |
Internet TLD | .id |
အင်ဒိုနီးရှားတွင် ရီပတ်ဘလစ်ကင် ပုံစံ အစိုးရရှိပြီး ရွေးကောက်တင်မြှောက်ထားသော ပါလီမန် နှင့် သမ္မတတို့ ပါဝင်သည်။ အင်ဒိုနီးရှားတွင် ပြည်နယ် ၃၄ ခုရှိပြီး ၅ ခုမှာ အထူးအုပ်ချုပ်ရေး အဆင့်ရှိသည်။ မြို့တော်မှာ ဂျကာတာမြို့ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူဦးရေအများဆုံး မြို့ပြဒေသဖြစ်သည်။ အင်ဒိုနီးရှားသည် ပါပူအာနယူးဂီနီနိုင်ငံ ၊ အရှေ့တီမောနိုင်ငံ နှင့် မလေးရှားနိုင်ငံ အရှေ့ပိုင်းတို့နှင့် ကုန်းမြေ နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ အခြားသော အိမ်နီးချင်းနိုင်ငံများတွင် စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ပလောင်းနိုင်ငံ နှင့် အိန္ဒိယနိုင်ငံပိုင် အက်ဒမန်ကျွန်းနှင့် နီကိုဘာကျွန်းတို့ ပါဝင်သည်။ လူဦးရေများပြားပြီး လူဦးရေသိပ်သည်းသည့် ဒေသများရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ကျယ်ပြောလှသော တောရိုင်းမြေများသည် ဇီဝမျိုးကွဲများကို များပြားစွာ အထောက်အပံ့ ပေးထားနိုင်သည်။ [5] နိုင်ငံအတွင်း သဘာဝ အရင်းအမြစ် အလျှံပယ်ရှိပြီး ၎င်းတို့တွင် ရေနံ နှင့် သဘာဝဓာတ်ငွေ့၊ ခဲမဖြူ၊ ကြေးနီ နှင့် ရွှေတို့ပါဝင်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှာ ဆန်စပါး၊ ဆီအုန်း၊ လက်ဖက်၊ ကော်ဖီ၊ ကကေးအို ၊ ပရဆေး၊ ဟင်းခပ်အမွှေးအကြိုင် နှင့် ရာဘာတို့ ထွက်ရှိသည်။[6] အင်ဒိုနီးရှား၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများမှာ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ကြသည်။ [7]
အင်ဒိုနီးရှားကျွန်းစုသည် ၇ ရာစုလောက်မှ စ၍ပင် ကုန်သွယ်ရေးအတွက် အရေးပါသော ဒေသဖြစ်ခဲ့ပြီး ထိုအချိန်က သီရိဝိဟာရနိုင်ငံ နှင့် မာဂျာပါဟစ်နိုင်ငံ တို့သည် တရုတ်မင်းဆက်များ နှင့် အိန္ဒိယဘုရင့်နိုင်ငံတော်တို့အား ကုန်သွယ်မှု ပြုခဲ့ကြသည်။ ခရစ်တော်ပေါ်ပြီး အစောပိုင်းနှစ်များမှ စ၍ ဒေသခံ ဘုရင်တို့သည် နိုင်ငံခြားမှ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် နိုင်ငံရေး ပုံစံတို့ကို ဆက်ခံယူခဲ့ပြီး ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ နိုင်ငံတော်များ အဖြစ် စည်ပင်တိုးတက်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ သမိုင်းတွင် ၎င်းတို့၏ သဘာဝအရင်းအမြစ်များကို မျက်စိကျသော နိုင်ငံရပ်ခြား အင်အားကြီးနိုင်ငံတို့၏ လွှမ်းမိုးမှုများ ပါဝင်ခဲ့သည်။ မွတ်ဆလင် ကုန်သည်များ နှင့် ဆူဖီပညာရှင်များက အစ္စလာမ်ဘာသာကို ယူဆောင်လာခဲ့ကြပြီး [8][9] ဥရောပသားတို့က ခရစ်ယာန်ဘာသာကို ယူဆောင်လာခဲ့ကြကာ နယ်မြေသစ်စူးစမ်းရှာဖွေသော ခေတ်ကာလအတွင်း ဟင်းခတ်အမွေးအကြိုင်ကျွန်းများဖြစ်ကြသော မာလူကူးကျွန်းများပေါ်တွင် ကုန်သွယ်ရေးကို လက်ဝါးကြီးအုပ်ရန် ကြိုးစားခဲ့ကြကာ တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်ခဲ့ကြသည်။ အမ်ဘိုးအီးနား နှင့် ဘာတာဗီးယားတို့ကို ဒတ်ချ်လူမျိုးတို့က ကိုလိုနီအဖြစ် သွတ်သွင်းခဲ့သည်က အစပြု၍ နောက်ဆုံးတွင် တီမော နှင့် အနောက်နယူးဂီနီ အပါအဝင် ကျွန်းစုအားလုံးကို ပေါ်တူဂီ၊ ပြင်သစ်နှင့် ဗြိတိသျှတို့က ကိုလိုနီအဖြစ် သိမ်းပိုက်ခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံသည် ဒုတိယကမ္ဘာစစ် အပြီးတွင် လွတ်လပ်ရေးရခဲ့သည်။
အင်ဒိုနီးရှားတွင် ရာပေါင်းများစွာသော ဒေသခံလူမျိုးများနှင့် ဘာသာစကားများရှိပြီး အကြီးမားဆုံးနှင့် နိုင်ငံရေးအရ အလွှမ်းမိုးနိုင်ဆုံးမှာ ဂျာဗားလူမျိုးများ ဖြစ်သည်။ အမျိုးသားဘာသာစကား၊ လူအမျိုးမျိုးကွဲပြားမှု၊ မွတ်စလင်အများစုရှိသော နိုင်ငံအတွင်း ဘာသာပေါင်းစုံ ကိုးကွယ်နေမှု၊ ကိုလိုနီပြုခံရခြင်းသမိုင်းနှင့် ပုန်ကန်တော်လှန်ခြင်း စသည်တို့မှ တဆင့် အားလုံး ဝေမျှထားသော အမျိုးသားလက္ခဏာရပ်တစ်ခု ပေါ်ထွန်းလာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော် ဆောင်ပုဒ်မှာ "ညီညွတ်ခြင်းနှင့် မတူကွဲပြားခြင်း ၊ စာစကားအားဖြင့်၊ အားလုံး သို့သော် တစ်ခုတည်း" ဟူ၍ ဖြစ်ပြီး နိုင်ငံကို ပုံဖော်ပေးနေသော မတူကွဲပြားခြင်းကို ရှင်းလင်းစွာ ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးသည် စုစုပေါင်း ပြည်တွင်းထုတ်ကုန် အားဖြင့် ကမ္ဘာပေါ်တွင် ၁၆ ခုမြောက် အကြီးမားဆုံးဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် တွင် ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်းကို ထည့်သွင်းတွက်ချက်ပါက ကမ္ဘာပေါ်တွင် သတ္တမမြောက် အကြီးဆုံး ဖြစ်သည်။ အင်ဒိုနီးရှားသည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အသင်းဝင်ဖြစ်ပြီး ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ နှင့် ဂျီ၂၀ တို့တွင် ပါဝင်သည်။ ထို့ပြင် ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှု အဖွဲ့၊ အရှေ့တောင်အာရှနိုင်ငံများအသင်း၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ အရှေ့အာရှ ထိပ်သီးနိုင်ငံများအဖွဲ့၊ အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် နှင့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တို့တွင် စတင်တည်ထောင်သောနိုင်ငံ တစ်ခု အဖြစ်ပါဝင်ခဲ့သည်။