သွေးလွန်တုပ်ကွေး
ခြင်မှကူးစက်၍ သွေးလွန်တုပ်ကွေး ရောဂါပိုးကြောင့် ဖြစ်ပွားသော အပူပိုင်းဒေသ ရောဂါ / From Wikipedia, the free encyclopedia
သွေးလွန်တုပ်ကွေး (UK: /ˈdɛŋɡeɪ/ သို့မဟုတ် US: /ˈdɛŋɡiː/)ကို အရိုးကွဲဖျား (breakbone fever) ဟုလည်း လူသိများပြီး ၎င်းသည် သွေးလွန်တုပ်ကွေး ရောဂါပိုး(dengue virus)ကြောင့် ဖြစ်ပွားသော ကူးစက်တတ်သည့် အပူပိုင်းဒေသ ရောဂါ တစ်မျိုးဖြစ်သည်။ ပုံမှန် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ထူးခြားသော အရေပြားတွင် အနီစက်များထွက်ခြင်း၊ ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်းတို့ ဖြစ်သည်။ အနည်းအကျဉ်းမှာ အသက်အန္တရာယ် ပေးသည်အထိ ရှုပ်ထွေးမှုများကို ဖြစ်စေသည့် သွေးလွန်တုပ်ကွေး(သွေးယိုစီးခြင်းကို ဖြစ်စေနိုင်သည်)နှင့် သွေးလန့် ရောဂါလက္ခဏာစု (ခန္ဓာကိုယ်အတွင်း သွေးဖိအား အလွန် ကျဆင်းသဖြင့် ခန္ဓာကိုယ်တွင်း ကလီစာများ အလုပ်လုပ်ခြင်းကို ကစဉ့်ကလျားဖြစ်စေနိုင်သည့်)တို့ ဖြစ်ပေါ်စေသည်။
သွေးလွန်တုပ်ကွေး | |
---|---|
The typical rash seen in dengue fever | |
အထူးပြု | ကူးစက်ရောဂါ |
သွေးလွန်တုပ်ကွေးသည် အေးဒီး(စ်) အေဂျစ်ပ္ပတီ ခြင် မှတဆင့် ကူးစက်လေ့ရှိပြီး အေးဒီ(စ်) အာဘိုပစ်တပ် ခြင်မှလည်း ရှားရှားပါးပါး ကူးစက်တတ်သည်။ ရောဂါပိုး အမျိုးအစား လေးမျိုးရှိသည်။ ရောဂါပိုးတစ်မျိုး ကူးစက်ခံရပါက ၎င်းပိုးကို တသက်တာ ခံနိုင်ရည်ရှိသွားသည်။ သို့သော် အခြားပိုးများအတွက် ခေတ္တသာ ခံနိုင်ရည် ရှိသည်။ လောလောဆယ်တွင် ၎င်းရောဂါအတွက် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ကာကွယ်နိုင်သော ကာကွယ်ဆေး မရှိသေးပေ။ လက်ရှိအချိန် ထုတ်လုပ်နိုင်သော ကာကွယ်ဆေးမှာ အသက် ၉ နှစ်မှ အသက် ၄၅ နှစ်အထိသာ အသုံးပြုနိုင်ခြင်း၊ ကာကွယ်နိုင်အားမှာလည်း အမြင့်ဆုံး ၇၀ ရာခိုင်နှုန်းအထိသာ ရရှိနိုင်ခြင်းနှင့် နိုင်ငံအချို့တွင်သာ အသုံးပြုခွင့်ပြုထားခြင်းတို့ကြောင့် ထိရောက်မှု နည်းပါးနေသေးသည်။ ခြင်များ ပေါက်ပွားရာနေရာနှင့် ခြင်ကောင်အရေအတွက်ကို နည်းအောင် ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ခြင်ကိုက်ခံရခြင်းမှ နည်းအောင် နေခြင်းဖြင့်လည်းကောင်း ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်သည်။
မပြင်းထန်သော ရောဂါ သို့မဟုတ် သာမန်အဆင့် ရောဂါများအတွက် သောက်ဆေးပေးခြင်း သို့မဟုတ် သွေးပြန်ကြောတွင်းမှတဆင့် ရေဓာတ်ပြန်လည်သွင်းခြင်း၊ ပိုမိုပြင်းထန်သော ရောဂါများအတွက် အကြောဆေး ထိုးခြင်း သို့မဟုတ် သွေးသွင်းခြင်းတို့ ပြုလုပ်ခြင်းသည် ရောဂါကုသမှုကို အထောက်အကူ ဖြစ်စေသည်။ သွေးလွန်တုပ်ကွေးသည် လွန်ခဲ့သည့် နှစ် ၅၀ အတွင်း တုန်လှုပ်ချောက်ချားဖွယ်ရာ ပြန့်ပွားလာခဲ့ရာ နှစ်စဉ် လူသန်း ၅၀ မှ ၁၀၀ ခန့်သည် သွေးလွန်တုပ်ကွေး ကူးစက်ခံခဲ့ရသည်။ နိုင်ငံပေါင်း ၁၁၀ ကျော်တွင် သွေးလွန်တုပ်ကွေးသည် ကပ်ရောဂါသဖွယ် ဖြစ်ပွားလျက် ရှိသည်။ ၁၇၇၉ ခုနှစ်မှစ၍ ရောဂါအခြေအနေ ရှင်းလင်းဖော်ပြချက်များအပြင် ၎င်း၏ ရောဂါပိုးဆိုင်ရာ အကြောင်းရင်းနှင့် ပျံ့နှံ့ကူးစက်ခြင်းတို့ကို ၂၀ ရာစု အစောပိုင်းတွင် ရှင်းလင်းဖော်ပြခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မှစတင်၍ သွေးလွန်တုပ်ကွေးသည် ကမ္ဘာ့ပြဿနာ ဖြစ်လာခဲ့သည်။