ထိုင်ဝမ် တိုင်းရင်းသား လူမျိုးများ
From Wikipedia, the free encyclopedia
ထိုင်ဝမ် မူလဒေသခံ တိုင်းရင်းသား လူမျိုးများ ဆိုသည်မှာ ထိုင်ဝမ်သို့ ဟန့်တရုတ်လူမျိုးများ မပြောင်းရွှေ့လာမှီ ထိုင်ဝမ်သို့ အစောဆုံး ရောက်ရှိလာသည့် လူမျိုးများကို ညွှန်းဆိုသည်။ တိုင်းရင်းသား လူမျိုးအသီးသီးတွင် မိမိတို့၏ ရင်းမြစ်နှင့် စပ်လျဉ်း၍ ဒဏ္ဍာရီပုံပြင်များ ရှိသော်လည်း ဘာသာဗေဒ၊ မနုဿဗေဒနှင့် ရှေးဟောင်း သုတေသန ပညာရပ်များ၏ လေ့လာချက်များအရ ဟန့်တရုတ်လူမျိုးများ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာသည့် ၁၇ ရာစုနှစ် မတိုင်မှီ ထိုင်ဝမ်ကျွန်းပေါ်တွင် မူလဒေသခံ တိုင်းရင်းသား လူမျိုးများ ကျက်စားနေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၈၀၀၀ ကျော်ခန့်ရှိပြီဟု တွေ့ရှိရသည်။ [3] မျိုးဗီဇဗေဒ (Genetic) နှင့် ဘာသာဗေဒအရ ထိုင်ဝမ် တိုင်းရင်းသား လူမျိုးများသည် ဩစထြိုနေးရှားလူမျိုးများ(Austronesian)အဖြစ် ခွဲခြားထားပြီး ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ မာဒါဂါစကာနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုများပေါ်တွင် နေထိုင်ကြသည့် ဩစထြိုနေးရှားလူမျိုးများနှင့် နီးနီးကပ်ကပ် ဆက်နွယ်လျက်ရှိသည်။ [4][5]。
ထိုင်ဝမ် တိုင်းရင်းသား လူမျိုးများ |
---|
ရူခိုင်လူမျိုး၏ အကြီးအကဲ၊ ဂျပန်ကိုလိုနီခေတ်အတွင်း တိုကျိုတက္ကသိုလ် မနုဿဗေဒ စာသင်ခန်းတွင် ရိုက်ကူးသည်။ |
လူဦးရေ |
၄၉၄,၀၀၀ ခန့်[1] |
နေထိုင်ရာဒေသ |
ထိုင်ဝမ် |
ဘာသာစကား |
ဩစထြိုနေးရှား ဘာသာစကား[2] |
ဆက်နွယ်သည့် လူမျိုးများ |
|
ရာစုနှစ်ပေါင်းများစွာအတွင်း ထိုင်ဝမ်တိုင်းရင်းသားများသည် ဒပ်ခ်ျ၊ ဂျပန်စသည့် ကိုလိုနီ အုပ်ချုပ်သူများနှင့် စစ်မက်များစွာ ဖြစ်ပွားခဲ့သည်။ ထိုစဉ်အခါက ကိုလိုနီအစိုးရသည် တိုင်းရင်းသားများ၏ မိခင်ဘာသာစကားနှင့် ယဉ်ကျေးမှုကို တားမြစ်ခဲ့ကြသလို လူမျိုးကွဲခြင်း လက်ထပ်ပေါင်းစည်းကြသဖြင့် ဘာသာစကားအချို့ ပျောက်ကွယ်လုနီးပါး ဖြစ်စေခဲ့သည်။ သာဓကပြရလျှင် လက်ရှိ ပညာရှင်များ သိရှိထားသည့် ထိုင်ဝမ်တိုင်းရင်းသား ဘာသာစကား (ထိုင်ဝမ်ဩစထြိုနေးရှား ဘာသာစကား သို့ ဖော်မိုဆန် ဘာသာစကား) ၂၆ မျိုးရှိသည့်အနက် ၁၀ မျိုးမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး ၅ မျိုးမှာ ပျောက်ကွယ်လုနီး အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ [6] အခြားဘာသာစကားများမှာမူ တိမ်ကောမှု အနည်းအကျဉ်း ရှိနေကြောင်း တွေ့ရသည်။ ဘာသာဗေဒ ပညာရှင်များက ထိုင်ဝမ်သည် ဩစထြိုနေးရှား ဘာသားစကား အရင်းခံရာ ဒေသဖြစ်ကြောင်း တွေ့ရှိလာပြီးနောက် ဤဘာသာစကားများသည် လူ့ယဉ်ကျေးမှုသမိုင်းတွင် အရေးပါသည့် အုပ်တစ်ချပ် သဲတစ်ပွင့် ဖြစ်လာသည်။[3]
ထိုင်ဝမ်တိုင်းရင်းသားများသည် မူလက ထိုင်ဝမ်ကျွန်း၏ တောင်တန်းဒေသများ (အထူးသဖြင့် အလယ်ပိုင်းဒေသ) တွင် ကျယ်ကျယ်ပျံ့ပျံ့ နေထိုင်ကြသည်။ မြစ်ဝှမ်းဒေသတလျှောက်တွင် ရွာငယ်များ ဖွဲ့တည်လေ့ရှိသည်။ သို့သော် မျက်မှောက်ခေတ် တိုင်းရင်းသား လူမျိုးများသည် သမားရိုးကျ နေထိုင်ရာ ဒေသများတွင်သာမက မြို့ပြကြီးများတွင်လည်း နေထိုင်လာကြပြီဖြစ်သည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ကောက်ယူထားသည့် စစ်တမ်းအရ ထိုင်ဝမ်တွင် နေထိုင်သည့် တိုင်းရင်းသား ဦးရေပေါင်း ၄၉၄,၀၀၀ ခန့်ရှိပြီး ထိုင်ဝမ် လူဦးရေ၏ ၂.၁ % ဖြစ်သည်။ [1][7]
ထိုင်ဝမ်တိုင်းရင်းသား လူမျိုးများသည် လက်ရှိတွင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်နေရသည်။ ဥပမာအားဖြင့် အလုပ်လက်မဲနှုန်း မြင့်မားခြင်း၊ ပညာရေးတွင် အခြားလူမျိုးများနှင့် ကွာဟမှုရှိခြင်းတို့ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်ဦးပိုင်းတွင် တိုင်းရင်းသား လူမျိုးများသည် မိမိတို့အရေးကိစ္စများကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်နှင့် စွီးပွားရေး ဖွံ့ဖြိုးရေးတို့ကို တက်တက်ကြွကြွ တောင်းဆိုလာကြသည်။ [8] တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ဇာတိမာန်များကို နယ်ပယ်အသီးသီးတွင် ဖော်ပြလာကြသည်။ ဥပမာအားဖြင့် ခေတ်ပေါ်တေးဂီတများတွင် တိုင်းရင်းသား ဂီတများ၊ စာသားများ ထည့်သွင်းရေးစပ်ခြင်း၊ ခေတ်ပေါ် အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများတွင် တိုင်းရင်းသား ရိုးရာရုပ်ပုံ သင်္ကေတများ ထည့်သွင်း ချုပ်လုပ်ခြင်းတို့ ပါဝင်သည်။ တိုင်းရင်းသားများ၏ ရိုးရာကျေးလက်ဒေသများတွင်မူ မိမိတို့၏ ထုံးတမ်းစဉ်လာများ၊ မိခင်ဘာသာစကားများ ဆက်လက် ထွန်းကားသွားစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြသည်။ တိုင်းရင်းသား ကျေးရွာအသီးသီးကလည်း ခရီးသွားလုပ်ငန်းများကို ဖော်ဆောင်ကာ မိမိဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလျက်ရှိသည်။ [9]